စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

     စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး Myanmar Engineering Society (MES) မှ ပံ့ပိုးကူညီမှုဖြင့် Myanmar Promotional Services (MPS) ကုမ္ပဏီလီမိတက်မှ စီစဉ်ကျင်းပသည့် သတ္တမအကြိမ်မြောက် နိုင်ငံတာနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲတို့ကို ဩဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာ(၂) (MICC-II)၌ ကျင်းပ လျက်ရှိရာ စက်မှုနည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာများ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေး နည်းပညာများ၊ ပြည်တွင်းဖြစ်အဝတ်အထည်အမျိုးမျိုး၊ ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများ၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် မော်တော်ယာဉ် အမျိုးမျိုးနှင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာအမျိုးမျိုးတို့ကို ခင်းကျင်းပြသရောင်းချ လျက်ရှိပါသည်။
     အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ စက်မှုနှင့်နည်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ (ကနောင်ဆု)ကို ထည့်သွင်း ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၃၁)ရက်နေ့ (၁၁:၃၀)နာရီတွင် ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
     အစီအစဉ်အရ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံတကာနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အဓိကကူညီပံ့ပိုးသည့် ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကောလိပ်အဆင့်တွင် Design of Digital Geiger Muller Counter ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိသည့် ချင်းတွင်းကောလိပ်ကို ဂုဏ်ပြုလက်မှတ်နှင့် ငွေသားကျပ်(၃)သိန်းအားလည်းကောင်း၊ စက်မှုသင်တန်းကျောင်းအဆင့်တွင် Mini Band Saw Machine Project ဖြင့် ပထမရရှိသည့် စက်မှုသင်တန်းကျောင်း(ဆင်တဲ)အားလည်းကောင်း၊ Paper Catting Machine Project ဖြင့် ဒုတိယရရှိသည့် စက်မှုသင်တန်းကျောင်း(သာဂရ)အားလည်းကောင်း၊ Acetylene Generator Project ဖြင့် တတိယရရှိသည့် စက်မှုသင်တန်းကျောင်း(ဆင်တဲ)တို့အား ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
  
     ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် Myanmar Promotional Services ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင်တို့က နှစ်သိမ့်ဆုရရှိသည့် စက်မှုသင်တန်းကျောင်း များကို ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
    အဆိုပါတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ်(၅)သိန်း၊ ဒုတိယဆု ငွေကျပ်(၃)သိန်း၊ တတိယဆု ငွေကျပ်(၂)သိန်းနှင့် နှစ်သိမ့်ဆုများကို ငွေကျပ်(၁)သိန်း ချီးမြှင့်ခဲ့ကြောင်းသိရသည်။