ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သတ္တမအကြိမ်မြောက် နိုင်ငံတကာ နည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

နေပြည်တော်၊ သြဂုတ် (၃၀)
     အနာဂတ်တွင် မြန်မာနိုင်ငံ၏ စက်မှုနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် စက်မှုဝန်ကြီးဌာနကကြီးမှူးပြီး Myanmar Engineering Society (MES)မှ ပံ့ပိုးကူညီ၍ Myanmar Promotional Services (MPS) ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပသည့် သတ္တမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
     ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဦးအုန်းဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Myanmar Promotional Services (MPS) Managing Director နှင့် တာဝန်ရှိသူများ၊ စက်မှုနှင့်နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
     ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးစိုးဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဦးအုန်းဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ Myanmar Promotional Services (MPS) Managing Director ဒေါက်တာဇာနည်မောင်မောင် နှင့် တာဝန်ရှိသူများက သတ္တမအကြိမ်မြောက် နိုင်ငံတကာ နည်းပညာ ပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
     ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ အတွင်း၌ စက်မှုနှင့်နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် စက်မှုနည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ များ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေးနည်းပညာများ၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများနှင့် ပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်အမျိုးမျိုး၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာ အမျိုးမျိုး၊ စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုကြရာ Myanmar Promotional Services (MPS) Managing Director ဒေါက်တာဇာနည်မောင်မောင်နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသကြသည်။
  
     မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းပညာပြပွဲကိုကျင်းပခဲ့သည်မှာ နေပြည်တော်တွင် သုံးကြိမ်၊ ရန်ကုန်တွင် သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး ယခုပြပွဲသည် နေပြည်တော်၌ ခုနစ်ကြိမ်မြောက် ကျင်းပသည့်ပြပွဲဖြစ်ကြောင်း၊ အဆိုပါပြပွဲကို သြဂုတ်လ(၃၀)ရက်မှ စက်တင်ဘာလ (၁)ရက်အထိ ကျင်းပကာ နိုင်ငံတကာမှ နည်းပညာနှင့် စက်မှုကုမ္ပဏီကြီးများမှ ပြခန်းပေါင်း ၆၀ ကျော် ခင်းကျင်းပြသထားရှိပြီး ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများနှင့် နည်းပညာများကို ပြည်သူများ ပိုမိုသိရှိနားလည်စေရန်နှင့် လေ့လာဝယ်ယူနိုင်ရန် ခင်းကျင်းပြသခြင်းဖြစ်ပါသည်။
ပြပွဲတွင် အနာဂတ်လူငယ်များ၏ နည်းပညာဖန်တီးနိုင်မှုစွမ်းအား ဖော်ထုတ် မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်၍ (Inventor Award) “ကနောင်ဆု” စက်မှု နည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို ပြပွဲကာလအတွင်း ထည့်သွင်း ကျင်းပ သွားမည်ဖြစ်၍ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် စက်မှုဝန်ကြီးဌာနမှ ပညာရှင်များက အကဲဖြတ်အမှတ်ပေးပြီး ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။