စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း Seminar on Innovation and Young Entrepreneurship for Regional Development အခမ်းအနား တက်ရောက်

     စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းသည် သြဂုတ်လ (၂၈)ရက်နေ့တွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပသည့် Seminar on Innovation and Young Entrepreneurship for Regional Development အခမ်းအနားသို့ တက်ရောက်၍ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မဲခေါင်-လန်ချန်း ဒေသအတွင်းရှိ လူငယ်စွန့်ဦးတီထွင်သူများ၊ လုပ်ငန်းစတင် တည်ထောင်သူများကို အားပေးမြှင့်တင်ရန်နှင့် ဒေသတွင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ စက်မှုကဏ္ဍ၊ တီထွင်ဖန်တီးမှု နှင့် အဆောက်အဦ ကဏ္ဍများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများတွင် ပါဝင်လာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပါက ဆင်းရဲမှု လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၊ တီထွင်ဖန်တီးမှုများ မှာ အဓိကကျသည့် ကဏ္ဍတွင်ပါဝင်နေသည့်အတွက် MSME များ အနေဖြင့် ယှဉ်ပြိုင်မှုကို ဦးတည်သည့် တီထွင်ဖန်တီးမှုများရှိရန် ကြိုးစားကြဖို့လိုအပ်ပါကြောင်း၊ တီထွင်ဖန်တီးမှုများနှင့် ဆန်းသစ်သော အကြံဉာဏ်များကို လုပ်ငန်း အတွင်း၊ အပြင် အသိပညာများ ဖလှယ်ခြင်းများမှတစ်ဆင့် ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒီဆွေးနွေးပွဲမှ အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်းများမှတစ်ဆင့် ကောင်းမွန်သည့် အကျိုးကျေးဇူးများ၊ အသိပညာများ၊ အတွေ့အကြုံများ၊ ဆန်းသစ်တီထွင်မှု အကြံဉာဏ်သစ်များ ရရှိလာနိုင်မည်ကို ယုံကြည်ပါကြောင်း၊ “ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်သည် လူငယ်များအပေါ်မှာ မူတည်နေတယ်” ဆိုတာ ပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံသည် လူငယ်များဖြစ်သည့် အတွက် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကြိုးပမ်းရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားကို အကျိုးရှိစွာအသုံးချပြီး အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး မြန်မာလူငယ်စွန့်ဦးတီထွင်သူများကို ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း၊ စွန့်ဦးတီထွင်မှုအကြံဉာဏ်သစ်များ၊ အကြံပြုချက်များ ရရှိလာစေရန် ဒေသတွင်း လူငယ်အချင်းချင်း ဆွေးနွေးကြစေ လိုပါကြောင်း၊ ဆွေးနွေးပွဲတက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များကို ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံဒေသကိုလည်း သွားရောက်လေ့လာနိုင်ဖို့ စီစဉ်ထားတဲ့အတွက် လေ့လာရေးမှတစ်ဆင့် ဆန်းသစ်တဲ့အတွေးအခေါ်များ၊ အတွေ့အကြုံများရရှိဖို့မျှော်လင့်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
     အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံးမှ counselor ဖြစ်သူ Mr. Yang Shouzheng မှလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းဇေယျာထွန်း တို့မှ အသီးသီး အမှာစကားများပြောကြားခဲ့သည်။
     အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်း ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မဲခေါင်-လျန်ချန်းဒေသတွင်းရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့မှ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တို့မှ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်နေရသော SME ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
     ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် လာအိုနိုင်ငံ၊ လွမ်ပရာဘမ်မြို့၌ ကျင်းပပြုလုပ်သည့် (၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒုတိယအသုတ်စီမံကိန်းများ (၁၉)ခုကို ရွေးချယ်အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ရွေးချယ်ခံရသော စီမံကိန်းများတွင် စက်မှုဝန်ကြီးဌာနမှ အဆိုပြုခဲ့သည့် Seminar on Innovation and Young Entrepreneurship for Regional Development စီမံကိန်းပါဝင်ခဲ့ပြီး မဲခေါင်ဒေသတွင်းရှိ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပေါင်း(၆)နိုင်ငံမှ လုပ်ငန်းရှင်များအချင်းချင်း ကွန်ရက်တည်ဆောက်၍ Innovation နှင့် ပတ်သက်သည့် ၎င်းတို့၏ အတွေ့ အကြုံများကို စာတမ်းများပြုစု၍ အချင်းချင်းမျှဝေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။