စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ် (၁၀၁)အဆင့်မြင့်မော်တော်ယာဉ်နည်းပညာသင်တန်းဖွင့်လှစ်ခြင်း

By: 

     စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)နှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ် (၁၀၁) အဆင့်မြင့်မော်တော်ယာဉ် နည်းပညာသင်တန်းအား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံး (နေပြည်တော်)တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်မည် ဖြစ်ပါသည်။
     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားအား သင်တန်းပြုလုပ်ရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံး(နေပြည်တော်)တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ နံနက် (ဝ၉:ဝ၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ အထွထွေမန်နေဂျာ ဒေါ်ရီရီကျော်နှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းထိုက်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။
     သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနနှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ပြင်ပ ပညာရှင် NSSA Chief Assessor ဦးအောင်ကျော်လင်းနှင့် Assessor များ၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် နည်းပြ ဆရာ/ဆရာမများ၊ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူ (၆၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
     "မော်ဒယ်မြင့်/နည်းပညာမြင့် မော်တော်ယာဉ်တွေ ထိန်းသိမ်း ပြုပြင်မှုအပိုင်းမှာ ကြုံတွေ့နေရတဲ့ နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ကြစေဖို့ မော်တော်ယာဉ်ပြင် လုပ်ငန်းခွင်မှ လုပ်ငန်းရှင် များအတွက် ရည်ရွယ်ကာ ဒေသအရောက် ရွေ့လျား မော်တော်ယာဉ်တွေနဲ့ သင်တန်းပို့ချရခြင်းဖြစ်ကြောင်း" စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ ဒေါ်ရီရီကျော်က အဖွင့်အမှာစကားတွင် ပြောကြားခဲ့ပါသည်။
     ယခုဖွင့်လှစ်သည့် သင်တန်းသည် အမှတ်(၅)စက်မှုသင်တန်း ကျောင်း(မကွေး)မှ စီစဉ် ဖွင့်လှစ်သည့် မော်တော်ယာဉ်နှင့် စပ်လျဉ်းသော တတိယအကြိမ်မြောက် ရွေ့လျားသင်တန်းဖြစ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ရန်ကုန်)နှင့် တောင်ကြီးမြို့တို့တွင် စုစုပေါင်း (၂) ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး မော်တော်ယာဉ်လုပ်ငန်းတွင် အတန်အသင့် အတွေ့ အကြုံရှိပြီးသူများအား ခေါ်ယူကာ ခေတ်ပေါ်မော်တော်ယာဉ်များတွင် အသုံးပြုသည့် ECU & Sensor Units နှင့် စပ်လျဉ်းသည့် ပညာရပ်များကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
  

Latest News